သုတကောင်းကင်

Saturday, February 26, 2011

ခံစားမှု၏ နိဂုံး

သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်းတူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်းတူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။


တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကိုပေါ်ပေါက်စေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
သမိုင်းကိုပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကိုအတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများတိုးတက်ကြီးပွားအောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကိုမွေးဖွားနိုင်စေတယ်။

တကယ်တော့ …. ခံစားမှုဟာ 
ကမ္ဘာမြေပြင်ကြီးသွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီးစိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကိုမွေးဖွားပေးစေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကိုဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကိုပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော“ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
တုံ့ပြန်မှုကိုတန်ပြန်စေနိုင်သလို
တန်ပြန်မှုကိုရိုက်ချိုးနိုင်စေတယ်။

တကယ်တော့ …. ခံစားမှုဟာ 
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”

တကယ်တော့ …. ခံစားမှုဟာ 
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကိုငယ်အောင်လုပ်
ငယ်တဲ့အမှုကိုပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါဥပဒေသ
          မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသဖြစ်တော့မှာ။

တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူးခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကိုအကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့     ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
          ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
              ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။

၂၂.၂.၂၀၁၁ (03:00 am)

(ကျော်သူ)

(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကိုစိတ်ဓါတ်မကျ စိတ်မပျက်ဘဲစွဲစွဲမြဲမြဲစိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာပေါ်ပေါက်လာတဲ့ ခံစားမှု)

                     ဒီစာလေးက အနုပညာရှင်(အကယ်ဒမီ) ဦးကျော်သူရဲ့ ဖန်တီးမှုလေးပါ။ ဦးကျော်သူက ဘယ်လို ခေါင်းစဉ်မျိုးနဲ့ ဖန်းတီးထားတယ် ဆိုတာ မသိသလို၊ ကျွန်တော်ကလဲ ဘယ်လို ပုံစံမျိုးနဲ့ ဖန်တီးထားတာပါ ဆိုပြီး သုံးသပ်ပေးဖို့ အရည်အချင်း မရှိပါဘူး။ ဆိုလိုတာက  ဒီစာစုလေးဟာ ကဗျာလား၊ စာလား ......?  ဘာပဲ ဖြစ်ဖြစ်ပါ။ သေချာတာကတော့ ဒီစာလေး ကို ဖတ်ပြီးသွားတဲ့ အချိန်မှာ ဦးကျော်သူရဲ့ ရင်ထဲက အလွန်တရာမှ မွန်မြတ်လှတဲ့ စိတ်ရင်းကို ခံစားသိရှိနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော့် ဘလော့ကို လာရောက် လည်ပတ်သူတွေအတွက် ပီတိပွား၍၊ အတုယူနိုင်စေရန် အလို့ငှာ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ် ခင်ဗျာ.....။ ( ခေါင်းစဉ်ရော၊ စာသားများပါ လုံးဝ ပြုပြင်ပြောင်းလဲ ထားခြင် မရှိပဲ၊ ဦးကျော်သူရဲ့ ဖန်တီးမှု စစ်စစ်အတိုင်း တင်ပေးထားပါတယ်)

0 comments:

Post a Comment

သုတကောင်းကင် ဘလော့မှ ကြိုဆိုပါတယ် ခင်ဗျာ။